မျက်ရစ်ဖော်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ
မျက်ရစ်ဖော်တယ် ဆိုတာ မျက်ခွံတွဲကျနေတာ၊ မျက်အိတ်ဖောင်းနေတာ သို့မဟုတ် မျက်ခွံမပါတာကို ပြုပြင်ပြီး မျက်ရစ်လှလှလေး ဖြစ်အောင် ဖော်ပေးတဲ့ အလှအပရေးရာ ခွဲစိတ်မှု တစ်ခုပါ။ မျက်ခွံမှာ ရှိတဲ့ ပိုနေတဲ့ အရေပြား သို့မဟုတ် အဆီတွေကို ခွဲစိတ်ဖယ်ရှားပေးတာ ဖြစ်ပြီး ဆေးပညာအားဖြင့် Blepharoplasty လို့ ခေါ်ပါတယ်။
မျက်ရစ်ဖော်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကုန်ကျစရိတ်၊ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ရလဒ်ကောင်းမကောင်းကို အရင် စုံစမ်းသင့်ပါတယ်။ ခွဲပေးတဲ့သူက အမှန်တကယ် ကျွမ်းကျင်တဲ့ ဆရာဝန်ဟုတ်ရဲ့လား၊ အသိအမှတ်ပြု ဘွဲ့တွေ၊ လက်မှတ်တွေ ရထားပြီးသားလား၊ အရင်ခွဲဖူးတာတွေရဲ့ ရလဒ်က ဘယ်လိုလဲ ဆိုတာ သိအောင်လုပ်သင့်ပါတယ်။ မျက်စိနဲ့ နီးကပ်တဲ့ ခွဲစိတ်မှု ဖြစ်တာမို့ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ခွဲစိတ်မှု…
- ထုံဆေးဖြင့် ဖြစ်စေ၊ မေ့ဆေးဖြင့် ဖြစ်စေ ပြုလုပ်လေ့ရှိပြီး အချိန်အားဖြင့် တစ်နာရီမှ နှစ်နာရီ ဝန်းကျင်ခန့် ကြာမြင့်တတ်ပါတယ်။
- အပေါ်မျက်ခွံကို ခွဲစိတ်တဲ့အခါ မျက်ရစ်လိုင်းတစ်လျှောက် ဓားရာပေးပြီးမှ ပိုနေတဲ့ အဆီ၊ ကြွက်သားနဲ့ အရေပြားတွေကို ဖယ်ထုတ်လိုက်ပြီး ပြန်ပိတ်ချုပ်တာပါ။ အမာရွတ် မပေါ်အောင် ချုပ်ရိုးကို မျက်ရစ်လိုင်းထဲမှာပဲ မြှုပ်ထားလေ့ရှိပါတယ်။
- အောက်မျက်ခွံကို ခွဲစိတ်ရင်တော့ မျက်တောင်မွှေးတွေရဲ့ အောက်ဘက် သို့မဟုတ် မျက်ခွံအတွင်းဘက်မှာ ဓားရာပေးပြီး မျက်အိတ်ထဲက အဆီပိုတွေကို ဖယ်ရှားတာပါ။ လိုအပ်ရင် အရေပြားအနည်းငယ် ဖယ်ထုတ်တာ၊ ကြွက်သားနဲ့ အရွတ်တွေ သန်မာအောင် လုပ်ပေးတာမျိုး လုပ်ပြီးမှ ပြန်ပိတ်ချုပ်ပါတယ်။
သွေးရောဂါရှိသူတွေ၊ သွေးကျဲဆေး သောက်နေရသူဆိုရင် မခွဲခင် ဆရာဝန်ကို ပြောပြီး သေချာဆွေးနွေး သင့်ပါတယ် (သွေးမတိတ်တာမျိုး ဖြစ်နိုင်လို့ပါ)။
ခွဲပြီး တစ်ပတ်ခန့် အနားယူဖို့ လိုပါမယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ရပါဘူး။ အိပ်တဲ့အခါ၊ နားနေတဲ့အခါ ခေါင်းအုံးမြင့်မြင့် အုံးတာက အရောင်ကျစေပါတယ်။ မျက်ခွံပေါ်ကို ဆရာဝန်ညွှန်ကြားတဲ့ မျက်စဥ်းဆေးနဲ့ ညင်သာစွာ သုတ်လိမ်းပေးရပါမယ်။ ရေခဲဝတ် သို့မဟုတ် လက်ဖက်အိတ်အေးအေးလည်း တင်တာကလည်း အရောင်ကျစေပါတယ်။ နေပူထဲသွားတဲ့အခါ နေကာမျက်မှန် ဝတ်သွားပါ။ မျက်ကပ်မှန်တပ်တဲ့သူဆိုရင် အနာကျက်တဲ့ထိ မျက်ကပ်မှန် မတပ်သင့်ပါဘူး။ ဆေးလိပ်သောက်တာက အနာကျက်နှေးစေလို့ ဆေးလိပ်လည်း ရှောင်သင့်ပါတယ်။
ဘေးထွက်ဆိုးကျိုး ရှိသလား?
- မျက်ခွံတွေဖောင်းပြီး ထုံနေပြီး မျက်စိပိတ်မရတာ၊ မျက်ရည်ပူတွေ ကျနေတာ၊ အညိုအမဲစွဲပြီး မျက်ကွင်းညိုနေတာ၊ အမာရွတ် ထင်နေတာတွေ ယာယီအားဖြင့် ဖြစ်တတ်ပါတယ်။
- အမြင်ဝါးတာ၊ နှစ်ထပ်မြင်နေတာ၊ မျက်စိနှစ်ဘက်က မညီတာ၊ သိသာတဲ့ အမာရွတ် ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
- ခွဲစိတ်ကုသစဥ် သွေးမတိတ်တာ၊ သွေးပြန်ကြောထဲ သွေးခဲပိတ်ဆို့တာ၊ မေ့ဆေးထုံဆေးနဲ့ ဓာတ်မတည့်တာ၊ ရောဂါပိုးဝင်တာတွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။
- အမြင်အာရုံဆုံးရှုံးတာ၊ မျက်စိကြွက်သားတွေ ထိခိုက်မိပြီး မျက်ခွံပုံပျက်သွားတာမျိုးလည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ် 'မကျွမ်းကျင်တဲ့သူနဲ့ ခွဲစိတ်ရင် ဖြစ်နိုင်ပါတယ်)။
ပိုလှချင်လို့ ခွဲစိတ်ကာမှ ရုပ်ဆိုးပန်းဆိုး ဖြစ်သွားရတဲ့ အဖြစ်အပျက်တွေလည်း ကြားဖူးကြမှာပါ။ ဒါကြောင့် မျက်ရစ်ကလေး ဖော်ယုံပဲဆိုပြီး မပေါ့ဆဘဲ သေချာနားလည်ပြီး တတ်ကျွမ်းတဲ့သူကိုသာ ယုံမှတ်ပြီး ပုံအပ်သင့်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
Nount Lain Kham 16 Mar 2024 |
မျက်ရစ်မရှိလို့မျက်ရစ်ခွဲခြင်းအလှတရားကိုသိရှိနားလည်လိုခြင်း။